လှပသော ဒဏ်ရာ - The Beautiful Scar
Creative Fiction storytelling by Ellebert.
မြို့ပြရဲ့ မီးခိုးငွေ့တွေနဲ့ ရောပြွမ်းနေတဲ့ မိုးကုတ်စက်ဝိုင်းကို "သူမ" ငေးကြည့်နေခဲ့တာ ကြာပြီ။ သူမဟာ ကောင်းကင်ပြာကြီးကို ချစ်တယ်။ ဒါပေမဲ့ သူမရဲ့ ကမ္ဘာကတော့ ဒီအိမ်ကြီးရဲ့ ဧည့်ခန်းကျယ်ထဲမှာပဲ ရပ်တန့်နေခဲ့တယ်။
She had been staring at the horizon, where the city’s smog blurred into the distance, for a long time. She loved the vast, blue sky. Yet, her world remained frozen within the confines of this mansion’s grand living room.
သူမရဲ့ နာမည်က "ရှယ်လီ"။
Her name was "Shelly."
ရှယ်လီဟာ မြင်သူတိုင်း ငေးလောက်အောင် လှပကျော့ရှင်းတဲ့ ခိုဖြူမလေးတစ်ကောင်ပါ။ သူမရဲ့ အမွှေးအတောင်တွေက နှင်းပွင့်တွေလို ဖြူစင်နေပြီး၊ လည်ပင်းက တောက်ပြောင်တဲ့ အမွှေးနုလေးတွေကတော့ ခရမ်းရောင်သန်းတဲ့ မြစိမ်းရောင်လို တစ်လက်လက် ထနေတတ်တယ်။ သူမရဲ့ လှပမှုကြောင့်ပဲ အိမ်ရှင်က သူမကို တယုတယ မွေးထားခဲ့တာပေါ့။
Shelly was a snow-white pigeon, possessing an elegance that captivated everyone who laid eyes on her. Her feathers were as pure as snowflakes, and the iridescent down around her neck shimmered with hints of violet and emerald green. It was because of this exquisite beauty that her owner cherished her so dearly.
ဒါပေမဲ့ အဲ့ဒီ လှပမှုကပဲ သူမအတွက်တော့ လှောင်အိမ် ဖြစ်နေခဲ့တယ်။ နေ့တိုင်း၊ တူညီတဲ့ ရွှေရောင်လှောင်အိမ်၊ တူညီတဲ့ အစားအစာ၊ တူညီတဲ့ မြင်ကွင်း။ သူမရဲ့ အလုပ်က တောင့်တောင့်လေး ရပ်နေပြီး အိမ်ရှင်ရဲ့ သူငယ်ချင်းတွေလာရင် အလှပြဖို့ပဲ။ သူတို့က သူမကို ကြည့်ပြီး "အို... ဘယ်လောက် လှလိုက်သလဲ" လို့ ပြောကြပေမဲ့၊ အဲ့ဒီအလှတရားနောက်ကွယ်က အေးစက်စက် ငြီးငွေ့မှုကိုတော့ ဘယ်သူမှ မမြင်ကြဘူး။
However, that very beauty became her prison. Every day brought the same golden cage, the same food, and the same view. Her only purpose was to stand still and pose for the owner’s guests. While they exclaimed, "Oh, how beautiful she is!" none could see the cold, hollow boredom lurking behind her grace.
"ငါက ဘာလို့ ပျံသန်းရမှာလဲ?" တစ်ခါတလေ သူမ စဉ်းစားမိတယ်။ လှောင်အိမ်ထဲမှာ အရာအားလုံးက ပြည့်စုံနေတာပဲ။ အပြင်မှာဆိုရင် အန္တရာယ်တွေ၊ အအေးဒဏ်တွေ ကြုံရနိုင်တယ်။ ဒီမှာက ဘာမှ ပူစရာမလိုဘူး။ ဒါပေမယ့် အချိန်ကြာမြင့်လာတဲ့အခါ ဒီငြီးငွေ့စရာကောင်းတဲ့ ပြည့်စုံမှုထဲမှာပဲ သူမရဲ့ အသက်ရှူသံတွေက တဖြည်းဖြည်း မှေးမှိန်လာခဲ့တယ်။
"Why should I even fly?" she wondered at times. Everything inside the cage was perfect. Outside, there were dangers and the biting cold; here, there was nothing to worry about. But as time passed, her spirit began to stifle within this dull perfection, and her very breath seemed to fade.
အဲ့ဒီနေ့က မိုးသက်လေပြင်းတွေ ကျနေတဲ့ ညတစ်ည။ အိမ်ရှင်က မှန်ပြတင်းပေါက်ကြီးကို ပိတ်ဖို့ မေ့သွားခဲ့တယ်။ လေပြင်းတွေက ဧည့်ခန်းထဲကို တိုးဝင်လာပြီး ရွှေရောင်လှောင်အိမ်ရဲ့ တံခါးဂျိတ်ကို ရိုက်ခတ်သွားတယ်။ "ဂျလောက်"။ တံခါး ဟသွားခဲ့တယ်။
Then came a night of torrential rain and howling winds. The owner had forgotten to close the great glass window. A stray gust swept into the room, rattling the latch of the golden cage. With a sharp "click," the door swung open.
ရှယ်လီ တုန်လှုပ်သွားတယ်။ နှလုံးခုန်သံတွေက မြန်လာတယ်။ တံခါးကို ငေးကြည့်နေရင်း၊ အပြင်က မှောင်မိုက်နေတဲ့ ကောင်းကင်ကြီးဆီက "လွတ်မြောက်မှု" ရဲ့ အနံ့အသက်ကို သူမ ရလိုက်တယ်။ ဒါပေမဲ့ ကြောက်စိတ်ကလည်း ရှိနေတုန်းပဲ။ ဒီထက် ပိုအရေးကြီးတာက... သူမရဲ့ အတောင်ပံတွေက ပျံသန်းဖို့ အရမ်း အားနည်းနေပြီ။
Shelly froze. Her heart began to race. Staring at the open door, she caught the scent of "freedom" wafting from the dark sky outside. Yet, fear lingered. More importantly, her wings had grown far too weak for flight.
သူမ တုံ့ဆိုင်းနေတုန်းမှာပဲ တံခါးက လေတိုက်လို့ ပြန်ပိတ်တော့မလို ဖြစ်သွားတယ်။ "မဖြစ်ဘူး!" အဲ့ဒီအခိုက်အတန့်မှာပဲ၊ သူမရဲ့ ရင်ထဲက ပေါက်ကွဲထွက်လာတဲ့ စိတ်ဆန္ဒတစ်ခု။ ငြီးငွေ့စရာကောင်းတဲ့ ပြည့်စုံမှုထက်၊ အန္တရာယ်ရှိတဲ့ လွတ်မြောက်မှုကို သူမ ပိုလိုချင်နေခဲ့တယ်။
As she hesitated, a gust threatened to blow the door shut again. "No!" In that split second, a desperate longing erupted within her. She realized she wanted the dangerous uncertainty of freedom more than this suffocating perfection.
သူမ နောက်ကို နည်းနည်းဆုတ်ပြီး၊ ခွန်အားရှိသမျှကို စုစည်းကာ အတောင်ပံကို ဖြန့်လိုက်တယ်။ ပြီးတော့... တံခါးဆီကို တိုးဝင်လိုက်တယ်။
"ဗုန်း!"
She took a small step back, gathered every ounce of her strength, and spread her wings. Then, she surged toward the opening.
Thud!
သူမရဲ့ ခန္ဓာကိုယ်က လှောင်အိမ်တံခါးရဲ့ ချွန်ထက်တဲ့ အစွန်းတစ်ခုနဲ့ ငြိသွားခဲ့တယ်။ အီကနဲ နာကျင်မှုကို ခံစားလိုက်ရပေမဲ့ သူမ မရပ်တန့်ခဲ့ဘူး။ ဆက်ပြီး တိုးထွက်လိုက်တယ်။ နောက်ဆုံးတော့... သူမ အပြင်ကို ရောက်သွားခဲ့ပြီ။
Her body snagged against the sharp edge of the cage door. A jolt of pain shot through her, but she did not stop. She pushed through with all her might. Finally, she was out.
စိုစွတ်နေတဲ့ လေထု၊ အေးစက်တဲ့ မိုးရေစက်တွေ။ သူမ တိုးဝင်ပျံသန်းလိုက်တယ်။ အတောင်ပံတွေက လေးလံနေပေမဲ့ စိတ်ကတော့ ပေါ့ပါးနေခဲ့တယ်။ သူမရဲ့ မြင်ကွင်းတွေက မြန်ဆန်လာတယ်။ အိမ်ကြီးရဲ့ အမိုး၊ လမ်းမထက်က မီးတိုင်တွေ၊ ပြီးတော့... အကန့်အသတ်မရှိတဲ့ ကောင်းကင်ကြီး။
Into the damp air and the freezing rain she flew. Her wings felt heavy, yet her soul was weightless. The scenery blurred past—the roof of the mansion, the streetlights below, and finally, the infinite expanse of the sky.
မနက်မိုးလင်းတော့ ရှယ်လီဟာ မြို့ပြင်က သစ်ပင်အိုကြီးတစ်ပင်ရဲ့ အကိုင်းအခက်ပေါ်မှာ နားနေခဲ့တယ်။ သူမ အရမ်း မောပန်းနေပေမဲ့ ရင်ထဲမှာတော့ တစ်ခါမှမရဖူးတဲ့ ငြိမ်းချမ်းမှုကို ခံစားနေရတယ်။
By dawn, Shelly was perched upon the branch of an ancient tree on the outskirts of the city. Though exhausted, she felt a sense of peace she had never known before.
သူမရဲ့ လှပတဲ့ ညာဘက်အတောင်ပံပေါ်မှာတော့... ရှည်လျားတဲ့ ဒဏ်ရာအနာရွတ်တစ်ခု။ အဲ့ဒီဒဏ်ရာက သူမရဲ့ ပြီးပြည့်စုံတဲ့ အလှတရားကို ဖျက်ဆီးလိုက်တာတော့ မဟုတ်ဘူး။ အဲ့ဒီအစား၊ အဲ့ဒီ ဒဏ်ရာအနာရွတ်က သူမရဲ့ "လွတ်မြောက်မှု" ကို သက်သေထူတဲ့ အရာတစ်ခု ဖြစ်လာခဲ့တယ်။ သူမရဲ့ ကျော့ရှင်းတဲ့ အမွှေးအတောင်တွေကြားမှာ ထင်ကျန်နေတဲ့ အဲ့ဒီအနာရွတ်ဟာ... သူမအတွက်တော့ ကမ္ဘာပေါ်မှာ အလှပဆုံး ဒဏ်ရာတစ်ခုပဲပေါ့။
Upon her beautiful right wing lay a long, jagged scar. That wound did not ruin her perfect beauty. Instead, the scar became a testament to her freedom. Nestled among her elegant feathers, that mark remained—for her, it was the most beautiful scar in the world.
#TheBeautifulScar #CreativeFiction #ShortStory
#PigeonMetaphor #BurmeseWriter #EllebertBlog #InspirationalStories

Comments
Post a Comment